ကယ်လိုရီလောင်ကျွမ်းမှု နှေးကွေးတာ ရောဂါကြောင့်လား
ကယ်လိုရီလောင်ကျွမ်းမှုအကြောင်း ပြောတော့မယ်ဆိုရင် အရင်ဆုံး ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုလို့ခေါ်တဲ့ Metabolism အကြောင်းကို အရင်ဆုံးရှင်းပြပေးဖို့ လိုမယ်ထင်ပါတယ်။
Metabolism ဆိုသည်မှာ…
ခန္ဓာကိုယ်ကနေ စားလိုက်သမျှ အစားအသောက်တွေကို ဖြိုခွဲပြီး အားအင်အဖြစ် ပြောင်းလဲလိုက်တဲ့ ဖြစ်စဉ်ကို Metabolism လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်မှာ အစားအသောက်ထဲက ကယ်လိုရီတွေကို အောက်စီဂျင်နဲ့ ဓာတ်ပေါင်းပြီး ခန္ဓာကိုယ်က လိုအပ်တဲ့အားအင်အဖြစ် ထုတ်လုပ်ပေးပါတယ်။ ခန္ဓာကိုယ်က သူ့ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့၊ ဟော်မုန်းမျှခြေထိန်းညှိဖို့၊ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် အားအင်တွေကို အမြဲသုံးစွဲနေရပါတယ်။
Metabolism အမြန်နှုန်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ Metabolism မြန်တဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအများအပြား လောင်ကျွမ်းစေပြီး အားအင်တွေကို ပိုမိုထုတ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။ ဒီအမြန်နှုန်းအပေါ် သက်ရောက်မှုရှိတဲ့အချက်တွေကတော့ -
၁။ ခန္ဓာကိုယ်အချိုးအစား - ကိုယ်ခန္ဓာကြီးထွားသူတွေ၊ ကြွက်သားထုများတဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှု ပိုများပါတယ်။
၂။ လိင် - ယောက်ျားလေးတွေဟာ အဆီပိုနည်းပြီး ကြွက်သားပိုများတဲ့အတွက် မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ ကယ်လိုရီပိုမိုလောင်ကျွမ်းပါတယ်။
၃။ အသက်အရွယ် - အသက်ကြီးလာတဲ့အခါ Metabolism နှေးကွေးလာတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းနှုန်းပါ ကျဆင်းလာတတ်ပါတယ်။
၄။ ကိုယ်ကာယလေ့ကျင့်ခန်း - အထိုင်များသူတွေမှာ Metabolism နှေးကွေးပြီး လေ့ကျင့်ခန်းလုပ်သူတွေမှာ ပိုမြန်တာတော့ အားလုံးသိကြမယ်ထင်ပါတယ်။ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီး ခန္ဓာကိုယ်ကြွက်သားတွေကို ပိုမိုအသုံးပြုတဲ့အခါ ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။
ဒါဆို ရောဂါတွေက ကယ်လိုရီလောင်ကျွမ်းမှုကို နှေးကွေးစေသလား?
ရောဂါ ဒါမှမဟုတ် ကျန်းမာရေးပြဿနာတွေဟာ ကယ်လိုရီလောင်ကျွမ်းမှုကို တိုက်ရိုက်နှေးကွေးစေတာမျိုးမဟုတ်ဘဲ Metabolism ကို နှေးကွေးသွားစေခြင်းဖြင့် သွယ်ဝိုက်ပြီး သက်ရောက်မှုရှိပါတယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ
၁။ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း
အမျိုးသားများတွင် ကျားဟော်မုန်း (Testosterone) နည်းခြင်း၊ အမျိုးသားများတွင် မဟော်မုန်း (Estrogen) နည်းလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမျှခြေပျက်ယွင်းပြီး Metabolism အမြန်နှုန်းကို ယုတ်လျော့စေပါတယ်။ ဒါ့အပြင် လိင်ဟော်မုန်းဟာ ကြွက်သားထုကို မြင့်တက်စေလို့ ကယ်လိုရီကို ပိုမိုလောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။
၂။ အာဟာရဓာတ် ချို့တဲ့ခြင်း
ခန္ဓာကိုယ်ကနေ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေကို အလုံအလောက်မရတဲ့အခါ သူနဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ သွားပြီးထိခိုက်ပါတယ်။ ဒီလိုမျိုး နေ့စဉ်ရက်ဆက်ဖြစ်လာတဲ့အခါ အာဟာရဓာတ်ချို့တဲ့လာပြီး ကိုယ်တွင်းအင်္ဂါ၊ ကိုယ်ခံအားစနစ်နဲ့ Metabolism ကို သွားပြီးထိခိုက်စေပါတယ်။
၃။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဝေဒနာတွေ ခံစားရတဲ့အခါ ခန္ဓာကိုယ်ကနေ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ဟော်မုန်းမျှခြေကို ထိခိုက်စေတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ တခြားစိတ်ကျန်းမာရေးပြဿနာတွေကို ခံစားနေရချိန်မှာ လူတွေက အစားပိုစားတယ်၊ ညအိပ်ချိန် ပိုနည်းလာတယ် ဒါမှမဟုတ် ပိုများလာတယ်၊ လေ့ကျင့်ခန်းသိပ်မလုပ်တော့ဘဲ အထိုင်များလာတဲ့အတွက် Metabolism အားလျော့လာတာ သဘာဝပါပဲ။
၄။ နာတာရှည်ရောဂါများ
အဝလွန်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံအလုပ်လုပ်ခြင်း၊ ဆီးချိုရောဂါတွေလို နာတာရှည်ပြဿနာတွေ ခံစားနေရတဲ့အခါ ကိုယ်ခန္ဓာရဲ့ Metabolism နှုန်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှု ကျဆင်းလာနိုင်ပါတယ်။
၅။ သောက်ဆေးတချို့ရဲ့ Side Effect တွေ
စိတ်ကျရောဂါအတွက် သောက်ဆေးများ၊ ဆီးချိုထိန်းဆေး၊ စတီးရွိုက်ဆေးများ၊ သိုင်းရွိုက်ထိန်းချုပ်ဆေးတွေနဲ့ ဟော်မုန်းကုထုံးတွေမှာ Side Effect အနေနဲ့ Metabolism ကျသွားတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ ယာယီပဲဖြစ်တဲ့အတွက် ဆေးပြောင်းလိုက်ရင်၊ ဆေးရပ်လိုက်ရင်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ။
ရဲမျိုးမြတ်